နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
ဒီဇင်ဘာ ၃၀၊ ၂၀၂၄။
ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် မြို့နယ် ၁၄ ခုကို ထိုးစစ်ဆင် သိမ်းပိုက်ပြီးသည့်အပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်ထားသည့် အေအေက နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိ ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါထုတ်ပြန်ချက်တွင် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်း အကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်းအသင့်ရှိကြောင်း၊ လွန်ခဲ့သော နှစ်များတွင်လည်း တရုတ်နိုင်ငံ၏ ဦးဆောင်မှုအောက်၌ တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေးနှင့် အွန်လိုင်းလောင်းကစား(ကျားဖျင်) တိုက်ဖျက်ရေး …စသည့်ကဏ္ဍရပ်များတွင် ကိုးကန့်(MNDAA)၊ တအာင်း (TNLA)… စသည့်အဖွဲ့များနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်က အာရက္ခတပ်တော်(AA) တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံတာဝန်ရှိသူတို့ တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တွေးဆုံဆွေးနွေးမှုရလဒ်များကို နှစ်ဖက်စလုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။
ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂွမြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ပြီဟု AA က အတည်ပြုပြီးနောက်တွင် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ရခိုင်ပြည်တွင် မြို့ကြီး ၁၇ မြို့ ရှိသည့်အနက် ၁၄ မြို့ကို AA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA က ထုတ်ဆိုထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့သည့် ထိုးစစ်သည် ရခိုင်ပြည်သူတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် ရခိုင်ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက်လည်း တိုက်ရိုက်အထောက်အကူပြုမည်ဟု အကြွင်းမဲ့ယုံကြည်ကြောင်းနှင့် ရခိုင်ပြည်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ကြိုဆိုပြီး၊ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *