ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အေအေတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထား
ဒီဇင်ဘာလ ၂၉၊ ၂၀၂၄။
ရခိုင်ပြည်နယ် ဂွမြို့နယ်ကို အေအေတပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။
ဂွမြို့နယ်ကို အေအေတပ်ဖွဲ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဂွမြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်၍ စစ်ကောင်စီတပ်၏ လက်ကျန်တပ်ရင်း စခန်းဖြစ်သည့် ခမရ (၅၆၃)နှင့် ခမရ (၅၆၂) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ခမရ (၅၆၃) တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ကျန်တပ်ရင်း ခမရ (၅၆၂) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက် ညနေတွင် အေအေတပ်ဖွဲ့က အပြီးသတ်သိမ်းပိတ်နိုင်ခဲ့ကြောင်း စစ်ရေးအရင်းအမြစ်နှင့် ဒေသခံများထံမှ သိရသည်။
အေအေတပ်ဖွဲ့သည် စစ်ရှုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလံဖြူထောင်၍ အမြန်ဆုံးအလင်းဝင်ရန် အသိပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဧရာဝတီတိုင်းနှင့် ရိုးမတောင်ဘက်သို့ တပ်ဆုတ်ခွာထွက်ပြေးနေသောကြောင့် အေအေတပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်နေရပြီး စစ်ကောင်စီဘက်ကလည်း ဧရာဝတီဘက်မှတစ်ဆင့် ဂွ – ငါးသိုင်းချောင်းလမ်းကိုအသုံးပြုကာ ဂွမြို့နယ်ဘက်သို့ ဒီဇင်ဘာ ၂၃ ရက် ည ၇ နာရီခန့်တွင် တင့်ကားသုံးစီးနှင့် စစ်ကားအစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်တစ်ဦးထံမှ သိရသည်။
လက်ရှိစစ်ရေးအခြေအနေမှာ ဂွ – ငသိုင်းချောင်း ရိုးမတောင်ကျော်လမ်းကို အေအေတပ်ဖွဲ့က ပိတ်ဆို့ထားပြီး လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်နေကာ စစ်ကောင်စီတပ်သားတချို့ လက်နက်ချအညံ့ခံသူများလည်းရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် လက်ရှိ ဂွမြို့နယ်အပါအဝင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (အေအေ) က သိမ်းပိုက်ထားပြီးဖြစ်ကာ ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် ၃ ခုကိုလည်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အေအေတပ်ဖွဲ့က ပြောဆိုထားကြောင်း သိရသည်။