ဟားလာဝကျေးရွာနေ ကျောင်းဆရာမတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီးသေဆုံး
နိုဝင်ဘာ ၂၂၊ ၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာတွင် နေထိုင်သော ကျောင်းဆရာမတစ်ဦး ယနေ့(နိုဝင်ဘာလ ၂၂ရက်) မနက် ၉း၄၅ နာရီခန့်တွင် မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဒေါ်နိုင်နိုင်ဝင်းဖြစ်ပြီး တောင်ယာသွားလမ်းတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ဒဏ်ရာ ကြောင့် သွေးထွက်လွန်ကာ နေ့လည် ၁နာရီ ဝန်းကျင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ် ထံမှသိရသည်။
“သူက ကျောင်းဆရာမပါ၊ ယောင်္ကျားရှိတယ်၊ သားလေးတစ်ယောက်နဲ့။ ဒီမနက်ပဲ ဆက်သွယ်ပြီးလာပြောတာပါ၊ ကျန်တာ မသိရသေးဘူး၊ မိုင်းကတော့ အေအေတွေထောင်ထားတဲ့ မိုင်းပဲ၊ ဒီ့အပြင် အခြားအဖွဲ့တွေမှ မရှိတာ၊ အ လောင်းကိုတော့ အေအေတွေက လာယူမယ်လို့ ပြောတယ်တဲ့…” ဟု လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
ဆရာမနိုင်နိုင်ဝင်းမှာ အသက် ၂၈ နှစ်အရွယ် ဟားလာဝဇာတိ ကျောင်းဆရာမတစ်ဦး ဖြစ်သည်။