အိန္ဒိယနှင့် မြန်မာကြား ရိဒ်နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော်မှု တင်းကြပ်
ဇန်နဝါရီ ၂ ရက်၊ ၂၀၂၅။
အိန္ဒိယ-မြန်မာ ဇိုခေါထာရ် – ရိဒ် နယ်စပ်ဂိတ်တံတားတွင် ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး နယ်စပ်ဖြတ် ကျော်သွားလာခွင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက တင်းတင်းကြပ်ကြပ် စိစစ်နေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များအရ သိရသည်။
မီဇိုရမ်ရှိ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက နယ်စပ်ဂိတ်တွင် လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေပြီး အိန္ဒိယ အာဒါးကတ်နှင့် မြန်မာနိုင်ငံသားစိစစ်ရေးကတ် ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုပြီး ညနေ ၃ နာရီနောက်ပိုင်းတွင် အိန္ဒိယဘက်မှ မြန်မာဘက်သို့ သွားလာခွင့် မပြုတော့ကြောင်း သိရသည်။
မြန်မာ ရိခေါဒါရ်နှင့် အိန္ဒိယ ဇိုခေါထာရ် ရှိဒေသခံများမှာ အချင်းချင်းကူးလူးဆက်ဆံမှု ပုံမှန်ရှိနေကြသည်ဖြစ်၍ ယခုကဲ့သို့ အသွားအလာကန့်သတ်လိုက်ခြင်းကြောင့် အခတ်အခဲများစွာကြုံနေရကြောင်း သိရသည်။
အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် မဏိပူရ်၊ နာဂလန်းနှင့် မီဇိုရမ်ပြည်နယ်များသို့ ဝင်ထွက်သွားလာခွင့် ( Protected Area Regime – PAR) ကို ပြန်လည်ချမှတ်လိုက်ခြင်းဖြစ် ပြီး အဆိုပါဥပဒေအရ နိုင်ငံခြားသားများအနေဖြင့် ဗဟိုအစိုးရထံ တိုက်ရိုက်ခွင့်ပြုချက်ရယူရမည် ဖြစ်သည်။
သတင်း- ခူသေ့