မိသားစု စားဝတ်နေရေးအတွက် အဓိကရုန်းကန်နေရသည့် ပလက်ဝလူငယ်များ

မိသားစု စားဝတ်နေရေးအတွက် အဓိကရုန်းကန်နေရသည့် ပလက်ဝလူငယ်များ

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် ကျပ်တည်းလာသော စားဝတ်နေရေး အခက်အခဲများ အတွက် ပြည်ပသို့ထွက်ခွာ၍ အလုပ်အကိုင်လုပ်နေရသည့် သား၊သမီးများ၏ ငွေကြေးအထောက်အပံ့ကို မှီခိုကာ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနေရကြောင်း ပလက်ဝဒေသခံမိဘတစ်ဦးထံမှ သိရသည်။

ပလက်ဝမြို့နယ်မှ လူငယ်လူရွယ်များသည် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကပူနိုင်ငံနှင့် အိန္ဒိယ နိုင်ငံ… စသည့်နိုင်ငံများတွင် ရရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေကြရပြီး မြန်မာပြည်တွင်ကျန်ရစ်သည့် မိသားစုနှင့် ဆွေမျိုးများကို ငွေကြေးထောက်ပံ့ကြရသည်။ သူတို့မှာ တရားမဝင် အလုပ်သမားများဘဝဖြင့် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရကြောင်း မလေးရှားရောက် ပလက်ဝဒေသခံလူငယ်များ၏ လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင် မြင်တွေ့ရသည်။

“မလေးရှားမှာ အလုပ်လုပ်ရတာ မလွယ်ဘူး။ ရတဲ့လစာနဲ့ လုပ်တဲ့အလုပ်နဲ့မမျှပဲ လုပ်နေရတယ်။ ကျွန်တော်တို့ ဟာ ပါ့စ်ပို့နဲ့တရားဝင်လာတာမဟုတ်တော့ အလုပ်ရှင်တွေကလည်း တအားနှိမ်ကြတယ်။ လစာကိုလည်း ပုံမှန် မပေးဘူး။ သူတို့ပေးချင်သလိုပေးပြီး ပေးချင်တဲ့အချိန်မှပဲပေးတယ်။ အိမ်ကို အရေးတကြီး ပိုက်ဆံပို့ချင်ရင် တောင် ပို့လို့မရဘူး။ မကျေနပ်လို့ဆိုပြီး ရဲတွေဆီတိုင်မယ်ဆိုလည်းမရပြန်ဘူး။ ဒီနှစ်ပိုင်းမှာ မလေးရှားရဲတွေ က လည်း တရားမဝင်အလုပ်သမားတွေကို အော်ပရာစီဆိုပြီး နေရာတိုင်းမှာ လိုက်ဖမ်းနေတယ်။ အဆင်မပြေရတဲ့ ကြားထဲ အဖမ်းခံရလို့ကတော့ မသက်သာဘူး…” ဟု မလေးရှားရောက် ကုလက်ချောင်းကျေးရွာ မှ လူငယ်တစ်ဦး မှ ပြောသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လာခဲ့ပြီးနောက် ရရာလမ်းကြောင်းဖြင့် ပြည်မဘက်သို့ထွက်ကာ ထိုမှ တစ်ဆင့် နိုင်ငံရပ်ခြားတွင် တရားမဝင်လမ်း(အောက်လမ်း) ဖြင့် ဝင်ရောက်၍ ရရာအလုပ်များကို လုပ်ကိုင်ပြီး မိသားစု၊ ဆွေမျိုးတွေကို ငွေကြေးထောက်ပံ့ပေးနေရသော ပလက်ဝဒေသခံလူငယ်များသည် မည်သည့်အချိန် တွင် ပြန်လာရမည်ကို မသိရှိနိုင်အောင် ဖြစ်နေရကြသည်။

ယခင်က အေးချမ်းစွာနေထိုင်ခဲ့ရသော ပလက်ဝမြို့နယ်သည် စစ်ဒဏ်ကိုခံခဲ့ရပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းမြင့် တက်ခြင်း၊ အသွားအလာခက်ခဲခြင်း၊ စီးပွားကူးသန်းရန်အဆင်မပြေခြင်း၊ ဖုန်းလိုင်း/ အင်တာနက်လိုင်းများ ဖြတ်တောက်ခံရခြင်းနှင့် အေအေ၏ တင်းကြပ်သည့်အုပ်ချုပ်မှု‌အောက်တွင် အဆင်မပြေမှုပေါင်းများစွာ ကြုံတွေ့ ခံစားနေရခြင်းကြောင့် နေရပ်စွန့်ခွာကြရခြင်းဖြစ်သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *