ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲသွားရန်တိုက်တွန်း
ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၅။
ကြားကာလချင်းအမျိုးသားအတိုင်အပင်ခံကောင်စီ(ICNCC)မှ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းမှု တို့ကို အာမခံသည့် ဖက်ဒရာယ်ဒီမိုကရေစီ တည်ထောင်နိုင်ရေးအတွက် မြို့သိမ်းတိုက်ပွဲများကို ဆက်လက်တိုက်ပွဲဆင်နွှဲသွားရန် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာတွင် တိုက်တွန်းထားသည်။
ချင်းပြည်သူလူထု၏ထောက်ခံမှုနှင့်အတူ ၄ နှစ် ကြာကာလတွင် ချင်းညီနောင်နှင့် မဟာမိတ်များ၏ စုစည်းညီညွတ်မှုဖြင့် တိုက်ပွဲဝင်ခဲ့သောကြောင့် ချင်းပြည်နယ်တောင်ပိုင်းကို ထိန်းချုပ်ထားနိုင်ပြီး ယခုနှစ် ၂၀၂၅ ခုနှစ်သည် ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ် ဖြစ်စေရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) က ပြောသည်။
ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၏ လက်နက်ကိုင်အင်အားစုများဖြစ်သည့် ချင်းကာ ကွယ်ရေးတပ် – မင်းတပ် (CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF – Zoland)၊ ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် (CDF – Kanpalet)၊ ချင်းကာကွယ်ရေးတပ် -( မတူပီ ) တပ်မဟာ (၁) (CDF – Matupi Brigde 1) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) များသည် လက်ရှိတွင် ကျင်ဒွေးမြို့၊ မတူပီမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ဖလမ်းမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်း ခလရ ၂၆၈ တပ်ရင်းကို အပြီသတ်သိမ်းပိုက်ရန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တီးတိန်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲ အမြန်ဖော်ဆောင်လာနိုင်ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် ဟားခါးမြို့၊ တီးတိန်မြို့၊ ခိုင်ကမ်းမြို့၊ ထန်တလန်မြို့နှင့် ဖလမ်းမြို့များကို ဆက်လက်၍ သိမ်းပိုက်ရန်ကျန်ရှိနေသေးပြီး ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအသီးသီးက အရှိန်အဟုန်တိုးမြှင့်၍ မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe