ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု နှစ် ၁၀၀ ပြည့်ပွဲတော် ရန်ကုန်တွင် ကျင်းပ
ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရာပြည့်ပွဲတော်ကို ရွှေပြည်သာမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မျိုးဆက်သစ်ဂေဟာတွင် ပလက်ဝမြို့နယ် ခရစ်ယာန်သာသနာပြု ရာပြည့်ပွဲတော် ကျင်းပရေးကော်မတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်ပြီး သာသနာပိုင်းချုပ် ဆရာတော်ကြီးများအပါအဝင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ၊ အသင်းတော်ပေါင်းစုံမှ အသင်းသူ/သား ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဓမ္မတေးသီချင်းများဖျော်ဖြေခြင်း၊ ရိုးရာအကများတင်ဆက်ကပြခြင်း၊ တရားဒေသနာဟောကြားခြင်နှင့် နှစ်တစ်ရာပြည့်သမိုင်းကြောင်း ဖတ်ကြားခြင်းတို့ဖြင့် ကျင်းပသွားကြောင်း သိရသည်။
ယခုကဲ့သို့ ရာပြည့်ပွဲတော်ကျင်းပရခြင်းအပေါ် “ နှစ်တစ်ရာပြည့်ဆိုတာက ကြုံတောင့်ကြုံခဲ အခါသာမယ ဖြစ်ပါတယ်၊ အဲဒါကြောင့် အခက်အခဲပေါင်းများစွာကြားထဲက မဖြစ်ဖြစ်အောင် စီစဉ်ကျင်းပရခြင်း ဖြစ်ပါတယ်၊ ပြီးတော့ ပလက်ဝဒေသခံက အကြောင်းအမျိုးမျိုးကြောင့် တကွဲတပြားဖြစ်နေကြတာပေါ့၊ ဒီနှစ်ပိုင်းတွေမှာ အချင်းချင်းတွေ့ဖို့ဆိုတာလည်း မလွယ်ပါဘူး၊ ဒီလိုပွဲလေး လုပ်လိုက်တော့ အချင်းချင်း ဆုံကြ၊ အပြန်အလှန်အားပေးစကားပြောကြပေါ့၊ ဒီလို ရည်ရွယ်ချက်လည်းပါ ပါတယ်။ ပျော်ပွဲရွှင်ပွဲ သက်သက်ပဲလို့ မရည်ရွယ်ပါဘူး၊ အခက်အခဲပေါင်းများစွာထဲကနေ အခုလိုအောင်အောင်မြင်မြင်နဲ့ ပွဲပြီးမြောက်သွားတာ ကျေနပ်ဝမ်းသာရပါတယ်၊ ဘုရားရှင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်…” ဟု ပွဲစီစဉ်သူတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်တွင် ခရစ်ယာန်သာသနာကို Rev. Edwin Rowlands က ၁၉၂၅ ခုနှစ်တွင်စတင် သာသနာပြုခြင်းဖြစ်ပြီး ယခုနှစ် ၂၀၂၅၊ ဇန်နဝါရီလတွင် နှစ် ၁၀၀ ပြည့်လာခြင်း ဖြစ်သည်။