မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်ခြံစည်းရိုးကာရံမှုနှင့် ဒေသတွင်း လူမှုစီးပွားရိုက်ခတ်မှု

ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံဆက်စပ်နေသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် မိုးရေးမြို့တွင် အရှည် ၉.၂၁၄ ကီလိုမီ တာ ရှည်လျားသည့် နယ်စပ်ခြံစည်းရိုးကာရံမှုစီမံကိန်း အောင်မြင်စွာပြီးမြောက်ကြောင်း MHA ၏ အစီအရင်ခံစာ ထုတ်ပြန်ချက်ကို အိန္ဒိယအခြေစိုက် မီဒီယာများတွင် ဇန်နဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့ သတင်းများတွင် ဖော် ပြပါရှိသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာန (Ministry of Home Affairs – MHA) ၏ နှစ်ပတ်လည်အစီရင်ခံစာ (၂၀၂၃ – ၂၀၂၄ ခုနှစ်) ဖော်ပြချက်အရ ယခုပြီးမြောက်ခဲ့သည့် နယ်နိမိတ်ခြံစည်းရိုးကာရံရေးနှင့် ခြံစည်းရိုးနှင့်အပြိုင် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကိုလည်း လက်ရှိဆောင်ရွက်နေဆဲဖြစ်ပြီး လုံခြုံရေးတိုးမြှင့်ကာ တရားမဝင် နယ်စပ်ဖြတ်ကျော် မှုများကို ထိန်းချုပ်တားဆီးဖို့ ရည်ရွယ်သည့် စီမံကိန်းဖြစ်ကြောင်း ပြောသည်။

မြန်မာ -အိန္ဒိယ နယ်နိမိတ်သည် အရှေ့မြောက်ပြည်နယ် လေးခုကို ဖြတ်ကျော်ထားပြီး အာရူနာချာပရာဒေ့ရှ် ပြည်နယ်(Arunachal Pradesh) ၅၂၀ ကီလိုမီတာ၊ နာဂလန်းပြည်နယ်(Nagaland) ၂၁၅ ကီလိုမီတာ၊ မဏိပူရ် ပြည်နယ်(Maipur) ၃၉၈ ကီလိုမီတာနှင့် မီဇိုရမ်ပြည်နယ်(Mizoram) ၅၁၀ ကီလိုမီတာရှိပြီး  မြန်မာနိုင်ငံနှင့်နယ်နိ မိတ်အရှည် ၁၆၄၃ ကီလိုမီတာ ရှိကြောင်းသိရသည်။ နယ်စပ် ၁၆၄၃ ကီလိုမီတာ အနက်မှ ၁၄၇၂ ကီလိုမီတာ ကို နယ်နိမိတ်သတ်မှတ်ထားမှု ပြီးမြောက်နေပြီဖြစ်ကာ အာရူနာချာပရာဒေ့ရှ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့မှာ တစ်ကီလိုမီတာတိုင်းတွင် စောင့်ကြည့်ထောက်လှန်းရေးစနစ်(Hybrid) ကို အစိုးရမှ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) ဆီ ပေးအပ်ခဲ့ပြီး တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နယ်စပ်ခြံစည်းရိုးကာရံသွားမည်ဟု ပြောဆိုပြီးနောက်တွင် မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ပြည်နယ်လေးခုထဲက မဏိပူရပြည်နယ်နှင့် အာရူနာချာပရာဒေ့ရှ်ပြည်နယ်များအနေဖြင့် ယခုအစီအစဉ်ကိုထောက်ခံကြပြီး နာဂလဲန်းနဲ့ မီဇိုရမ်ပြည်နယ်တို့က ကန့်ကွက်ကြကြောင်း သိရဿည်။

မီဇိုရမ်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) နှင့် နာဂ လဲန်းပြည်နယ်က Nagaland Indigenous People’s Forum (NIPF) တို့မှ အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်အရေး နှင့်ပတ်သက်သောမူ၀ါဒများကို အတူတကွ လက်တွဲဆန့်ကျင်သွားကြရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အိုက်ဇောလ်မြို့ Press Club ၌ ကန့်ကွက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုနေ့မှာပင် Zo Reunification Organization (ZORO) က အိန္ဒိယ – မြန်မာ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး ချစ်ကြည်ရေးတံတားပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည်ကို အိန္ဒိယအခြေစိုက် သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

ယခင်က အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ရောင်းလင်ကျေးရွာနှင့် မြန်မာနယ်စပ်၊ မတူပီမြို့နယ်၊ လှုံမာန်ကျေးရွာ ကြား ကားလမ်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အခိုင်အမာ ခြံစည်းရိုးကာရံမှုရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ အိန္ဒိယ-မြန်မာ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်တံတားမှာလည်း အိန္ဒိယနိုင်ငံ သားစိစစ်ရေးကဒ်ပြား(Aadhaar Card)နှင့် မြန်မာနိုင်ငံသားစီစစ်ရေးကဒ်ပြား(မှတ်ပုံတင်) မရှိသူများကို အာသံ ရိုင်ဖယ်ဘက်က ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားသည်။

အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝင်ထွက်သွားလာခွင့် (Protected Area Regime – PAR) ကို ပြန်လည်ချမှတ်မည်ဟု အိန္ဒိယအခြေစိုက်မီဒီယာ Norththeast Today သတင်းတွင် ဖော်ပြပါရှိသည်။

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာရံမှုကြောင့် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်သွားမည် ဖြစ်ကာ တိုက်ပွဲပဋိပက္ခများကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြသည့် မြန်မာနိုင်ငံသားများ အတွက် နေထိုင်ရေး ပိုမိုခက်ခဲလာမည်ကိုလည်း စိုးရိမ်မှုရှိကြပြီး  နယ်စပ်တစ်ဖက်တစ်ချက်စီတွင် နေထိုင်ကြ သည့် လူမျိုးတူဌာ‌နေတိုင်းရင်းသားများသည် အလုပ်အကိုင်နှင့် သာရေး၊ နာရေးကိစ္စရပ်များတွင်လည်း အခက်အခဲများစွာ ကြုံလာနိုင်ကြောင်း အိန္ဒိယရှိ ZORO နဲ့ NIPF အဖွဲ့တို့က ပြောထားသည်။

အိန္ဒိယဗဟိုအစိုးရသည် လက်ရှိဆောင်ရွက်နေသည့် မြန်မာ – အိန္ဒိယ ခြံစည်းရိုးကာရံခြင်းနှင့် စောင့်ကြည့်ခြင်း စီမံကိန်းများအပေါ် ကာလကြာရှည်သည့် လုံခြုံရေးစိုးရိမ်မှုများကို ဖြေရှင်းရန်၊ တရားဝင်ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရန်နှင့် အရှေ့မြောက်ပိုင်းပြည်နယ်များ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – JAMES ROE

Leave a Reply

Your email address will not be published. Required fields are marked *