အရှိုချင်းအမျိုးသား ဖက်ဒရယ်ကောင်စီ(ပဲခူး) ကို ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာ
ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင်ရှိ အရှို(ချင်း) တိုင်းရင်းသားများသည် စစ်အာဏာရှင်ကျရှုံးရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူညီရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးနှင့် အခြားသောကိစ္စရပ်များကို ဆောင် ရွက်နိုင်ရန် အရှိုချင်းအမျိုးသားဖယ်ဒရာယ်ကောင်စီ၊ ပဲခူးတိုင်းဒေသကြီး Asho Chim National Federal Council – Bago Region ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။
အရှို(ချင်း) တိုင်းရင်းသားများသည် မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ နေပြည်တော်နှင့် ရခိုင်တို့တွင် မြို့နယ်ပေါင်း ၃၉ မြို့နယ်တို့၌ ပြန့်နှံ့နေထိုင်ကြပြီး ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုများတွင် တိုင်းရင်းသားပြည်သူလူထု နှင့်အတူ တက်ကြွစွာလက်တွဲပါဝင်နေသည့်အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီး နောက်တွင်လည်း အာဏာရှင်စနစ်အပြီးတိုင်ကျရှုံးရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အရှို(ချင်း) တိုင်းရင်းသားများအနေဖြင့် ခေတ်အဆက်ဆက်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းရန် ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသည့်စနစ်ပေါ်ပေါက်လာရန်နှင့် ဖက်ဒရယ်ဖွဲ့စည်းပုံကို အခြေခံသည့် ဥပဒေပေါ်ပေါက်လာရေး ပြည်နယ်နှင့် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးမူဖြင့် ချဉ်းကပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အရှို(ချင်း) အမျိုးသားဖက်ဒရယ်ကောင်စီ(ဗဟို) ၏ မူဝါဒအရ တိုင်း ၅ ခုနှင့် ပြည်နယ် ၁ ခုတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာနိုင်ရန်အတွက် ကြိုးပမ်းနေကြပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အရှိုချင်းအမျိုးသား ဖက်ဒရယ်ကောင်စီ(မကွေး) ကို ဖွဲ့စည်းခဲ့ကာ မကွေးပြည်နယ်(ယာယီနာမည်) ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းတစ်ရပ်ကိုလည်း သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသား ပြည်သူများနှင့်လက်တွဲ၍ ရေးဆွဲနေကြောင်း သိရသည်။
သတင်း – James Roe