ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေ

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေ

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် မတရားဖမ်းဆီးကာ စစ်သားစုဆောင်း ရေး ပြုလုပ်နေပြီး မတရားငွေညှစ်နေခြင်းများ ပြုလုပ်နေကြောင်း ယခုရက်ပိုင်း ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖမ်းဆီးခံရာမှ ပြန်လည်လွတ်မြောက်လာသည့် ကလေးမြို့ခံ လူငယ်တစ်ဦးထံမှ သိရသည်။

“အပြင်ကိုအရေးတကြီးကိစ္စရှိလို့ ထွက်ရင်တောင် မလုံခြုံတော့ဘူး။ မဖြစ်မနေထွက်ရမယ်ဆိုမှပဲ ထွက်တော့တယ်။ ဆိုင်ကယ်ကလည်း နှစ်ယောက်စီးလို့ကတော့ ဖမ်းပြီးသားပဲ။ အိမ်တွေအထိတောင်လာပြီး ဖမ်းခေါ်တာတွေ ရပ်ကွက်ထဲမှာ ကြားနေမြင်နေရတယ်။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာတွေတော့ ခုတလော မရှိဘူး။ မြို့အနီးအနားမှာတော့ တိုက်ပွဲဖြစ်နေတာတွေကြားနေရတယ်။ မြို့ရဲ့ပတ်ပတ်လည် ရွာတွေမှာဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရှိနေတော့ စစ်ကောင်စီတပ်တွေက ခုဆိုရင် မြို့ပေါ်မှာပဲ အထိုင်ချတော့တယ်။ သူတို့လူနည်းနေလို့ မြို့ခံတွေကိုပဲ စစ်သားစုဆောင်းရေးအတွက် လိုက်ဖမ်းနေတော့တာပဲ…” ဟု ကလေးမြို့ရှိ ချင်းလူငယ်တစ်ဦးက ပြောသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်များသည် အချက်အခြာကျသည့် ကလေးလေဆိပ်အနီး၊ ၉ မိုင် (တက္ကသိုလ်)၊ ဆည်ကြီးတံတားနား၊ ကလေးဝ – မဟာမြိုင်လမ်းဆုံနှင့် ကွန်ပြူတာတက္ကသိုလ်တို့တွင် တပ်ကိုအထိုင်ချထားပြီး မြို့ခံများကို တင်းကြပ်စွာစစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ငွေညှစ်ခြင်းများကို ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေကြပြီး မြို့ပတ်ပတ်လည်ကိုလည်း ကင်းကိုတင်းကြပ်စွာချထားကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“ကိစ္စတစ်ခုရှိလို့ ကလေးကိုသွားတာ အပြန်မှာအဖမ်းခံရသေးတယ်။ ကျွန်တော်တို့ စုပေါင်းရုံးမှာတစ်ည အိပ်လိုက်ရတယ်။ အဲဒီရောက်တော့ ကျွန်တော်အပါအဝင် ၇ ယောက်လောက်ရှိတယ်။ နှစ်ယောက်ဆိုရင် မျက်နှာတွေ ဖူးယောင်နေတာပဲ။ သူတို့ကိုတော့ စစ်သင်တန်းတက်ဖို့အတွက် ပို့မှာသေချာတယ်လို့ အရင်ရောက်နှင့်တဲ့လူတွေက ပြောတယ်။ ကျွန်တော်ကတော့ နောက်တစ်နေ့မှာ သူတို့ကို ပိုက်ဆံပေးတော့ ပြန်လွှတ်ပေးတယ်…” ဟု ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲတွင် အဖမ်းခံခဲ့ရပြီး နောက်နေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက် ၁၁ နာရီတွင် ပြန်လည် လွတ်မြောက်လာသော ရိဒ်ခေါဒါရ်မှ ကလေးသို့ ခရီးသွားသည့် ၂၇ နှစ်အရွယ် ပလက်ဝလူငယ်တစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့အခါ အထက်ကို နာမည်စာရင်းမပို့ခင်မှာ သူတို့တောင်းတဲ့ပိုက်ဆံကို ပေးရင်တော့ ပြန်လွှတ်ပေးတယ်။ နာမည်စာရင်းကို ပို့ပြီးသွားရင်တော့ ပိုက်ဆံဘယ်လောက်ပေးပေး ပြန်မလွှတ်ပေးတော့ဘူး။ စစ်သင်တန်းတက်ဖို့ ပို့မှာ သေချာသွားပြီ။ ဒီလိုပဲ သူတို့လုပ်နေကြတာကို အခုအဖမ်းခံရမှပဲ သိရတယ်။ နောက်တစ်ခါကလေးကို သွားဖို့ ကြောက်သွားပြီ… ” ဟု သူကဆက်ပြောသည်။

ကလေးမြို့တွင် စစ်ကောင်စီတပ်မှ စစ်သားစုဆောင်းနေသည့်အတွက် ဒေသခံများ ကြောက်ရွံ့ထိတ်လန့်နေကြရ သကဲ့သို့ ခရီးသွားလာသည့် ခရီးသည်များသည်လည်း လုံခြုံမှုမရှိတော့ဘဲ တင်းကြပ်စွာစစ်ဆေးမှုများကို ခံနေရပြီး ယခုရက်ပိုင်းမှစတင်၍ ခရီးသွားများထဲတွင် ချင်းပြည်နယ်မှတ်ပုံတင်(၄/….)နှင့် ရခိုင်ပြည်နယ် မှတ်ပုံတင်(၁၁/….) ကိုင်ဆောင်ထားသူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သတင်းအရင်းအမြစ်မှ သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *