အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ဖြေလျှော့ပေးရန် ZORO အဖွဲ့က ထပ်မံတောင်းဆို
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၅။
အိန္ဒိယ – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့်ဖြစ်သည့် လွတ်လပ်စွာကူးသန်းသွားလာခွင့်(FMR) ကို ပြန်လည်ခွင့်ပြုပေးရန် Zo Reunification Organization(ZORO) မှ အိန္ဒိယအစိုးရ၊ မီဇိုရမ် အရပ်ဘက်အဖွဲ့အစည်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ Press Club တွင် ပြုလုပ်သည့် သတင်းစာရှင်လင်းပွဲတွင် ထပ်မံတောင်းဆိုလိုက်ကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် နယ်စပ်မှ ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြောင်းထောက်ခံစာနှင့် နယ်စပ်ဖြတ်ကျော်ခွင့်ကို လျှောက်ထားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ကစ၍ ထုတ်ပြန်ခဲ့ပြီးနောက်တွင် တစ်ရက်ကို လူ ၁၀၀ ဦးသာ အကန့်အသတ်ဖြင့် သွားလာခွင့်သာရရှိသည့်အတွက် ဒေသခံများအဖို့ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။
ထိုကဲ့သို့ လွတ်လပ်စွာဖြင့် နယ်စပ်ဖြစ်ကျော်ခွင့်ကို တင်းကျပ်ထားခြင်းသည် ဌာနေတိုင်းရင်းသားများ၏ အခွင့် အရေးကို ချိုးဖောက်ရာရောက်ပြီး နယ်စပ်ဖြတ်ကျော်သည့်အခါ Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်ကဒ်) မဖြစ်မနေ ယူရမည်ဆိုသည့် ထုတ်ပြန်ချက်ကို ပြန်လည်သုံးသပ်ကာ ဖြေလျော့ပေးပါရန် တောင်းဆိုထားပြီး အဆိုပါကိစ္စကို ဖြေရှင်းပေးခြင်းမရှိပါက ရသည့်နည်းလမ်းဖြင့် အဆုံးတိုင် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ZORO အဖွဲ့ မှ တာဝန်ရှိသူများက ပြောသည်။
Zo Reunification Organization(ZORO) အဖွဲ့မှ ယခုကဲ့သို့ အိန္ဒိယ – မြန်မာ လွတ်လပ်စွာနယ်စပ်ဖြစ်ကျော်ခွင့် ကို လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း တောင်းဆိုခဲ့ပြီးလည်းဖြစ်ပြီး လွန်ခဲ့သည့်နှစ် အစောပိုင်းကလည်း နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးမကာရေးနှင့် FMR ကို မဖျက်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း အိန္ဒိယအစိုးဘက်မှ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် နယ်စပ်ခြံစည်းရိုးကာရံမှု ပြီးမြောက်ခြင်းနှင့် ရိဒ်ခေါဒါရ် -ဇိုခေါထာရ် နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်ထားမှုများ ထုတ်ပြန်လာသည်ကို သိရသည်။
သတင်း – James Roe