ကန်ပက်လက်မြို့နယ် ဌာနေမျိုးနွယ်စုများ၏ သဘောထားထုတ်ပြန်
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ULA/ AA နှင့် ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်က ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် ကန်ပက်လက်မြို့နယ် ဌာနေမျိုးနွယ်စုများမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်ထားသည်။
ကန်ပလက်မြို့နယ်တွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် ULA/ AA နှင့် ချင်းညီ နောင်အဖွဲ့ဝင် CDF – ကန်ပက်လက်အဖွဲ့က လူတစ်ဦးချင်းစီ၏ မွေးရာပါလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အတင်းအဓမ္မစစ်သားစုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်း၊ ဌာနေမျိုးနွယ်စုများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ ဌာနေမျိုးနွယ်စုများ၏ ဓလေ့ထုံတမ်းအစဉ် အလာများ၊ ရိုးရာယဉ်ကျေးမှုများနှင့် အမျိုးဘာသာသာသနာကို ထိပါးစော်ကားခြင်းမျိုး လုပ်ဆောင်နေသည်ကို ဒေသခံများမှာရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ULA/ AA နှင့် ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်တို့၏ လုပ်ရပ်များကို လက်မခံနိုင်သဖြင့် ကန်ပလက်မြို့နယ် ဌာနေလူထုများမှ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်များချမှတ်ကာ ထုတ်ပြန်ချက်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး ဘိုးဘွားပိုင်နယ်မြေနှင့် သဘာဝသယံဇာတများသည်လည်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကမှ ထိပါးခြင်း၊ ကျူးကျော်ခြင်းများ မပြုလုပ်ရန်နှင့် ဒေသခံများမှ ထိန်းသိမ်းကာကွယ်ရန်၊ ကန်ပက်လက်မြို့နယ်အရေးကိစ္စများကို ကန်ပက်လက်ဌာနေလူမျိုးနွယ်စုများကသာ ဖြေရှင်းဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီး အကယ်၍ ULA/ AA နှင့် ချင်းညီနောင်အဖွဲ့ဝင် CDF – ကန်ပက်လက်က ပြည်သူလူထုဆုံးဖြတ်ချက်နှင့် သဘောထားဆန္ဒများကို ဆန့်ကျင်ပြီး ဆက်လက်ကျူးလွန်လာပါက ရရာလက်နက်စွဲကိုင်ကာ တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကန်လောင်း၊ ငုံလောင်းနှင့် အပြိုင်းကျေးရွာ ပိုင်နက်နယ်မြေထဲတွင် သတ္တုထွက်သည်ဟု ယူဆရသည့်တောင်များကို အာရက္ခတပ်တော် ULA/ AA က မကြာမီတူးဖော်တော့မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည့်အပြင် CDF – ကန်ပက်လက် ချင်းညီနောင်တပ်ဖွဲ့များက လူငယ်များအား စစ်မှုထမ်းရန်စုဆောင်းနေကြောင်း သတင်းအရင်းအမြစ်များမှ သိရသည်။
သတင်း – James Roe