ခမ်းပတ်မြို့နှင့် ကနန်စံပြကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့နှင့် ကနန်စံပြကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် နေအိမ်များပျက်စီးဆုံးရှုံးမှုများရှိသည်ကို ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ခမ်းပတ်မြို့၊ ရပ်ကွက်(၁) တွင်ရှိသည့် ပြည်သူ့လုံခြုံးရေးရုံးအနီးတွင် နှစ်ကြိမ်ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ့လုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသည့်အပြင် လူ ငါးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံး ပျက်စီးခဲ့ကြောင်းနှင့် ကနန်စံပြကျေးရွာတွင်တစ်ကြိမ် ဗုံးကျရောက်ပေါက်ကွဲကာ ဘုန်းကြီးကျောင်းဆောင်ခြောက်ဆောင် ပျက်စီးပြီး ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိသည်ဟု ခမ်းပတ်မြို့ခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ ကနန်းစံပြကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း လေကြောင်းဖြင့် ဗုံးကြဲခဲ့သော ကြောင့် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခမ်းပတ်မြို့ကို သိမ်းပိုက်ထားသည်။
သတင်း – James Roe