ယခုရက်ပိုင်းအတွင်း နှစ်ခြင်းခရစ်ယာန်အသင်းတော် ဆရာနှစ်ပါး ဘုန်းတော်ဝင်စား
ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၅။
နှစ်ခြင်းခရစ်ယာန်အသင်းတော် သိက္ခာတော်ရ ဆရာ Rev. ဂျွန်စမစ်စိန်းဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့ ကျောက်တော် – ဆမီး အပြန်လမ်းခုလပ်တစ်နေရာ၌လည်းကောင်း၊ ဆမီးမြို့ လိပ်ချောင်းဝ သာသနာကွင်းတွင် သာသနာ့အမှုတော်ကို တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာခင်ဟ(အသက်-၄၄ နှစ်) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မတူပီ – ဆမီး အပြန်လမ်းခုလပ်တစ်နေရာတွင်လည်းကောင်း ခရစ်တော်၌ အသီးသီးဘုန်းတော်ဝင်စားခဲ့ကြောင်း သိရသည်။
သိက္ခာတော်ရ ဆရာစိန်းဝင်းသည် ပလက်ဝနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့၏ ဧဝံဂေလိနှင့် သာသနာပြုဌာန အတွင်း ရေးမှူး၊ နယ်အဖွဲ့ ဥက္ကဌနှင့် ပလက်ဝမြို့ပေါ်အသင်းတော် သင်းအုပ်ဆရာနှင့် ဆမီးမြို့ပေါ်အသင်းတော် သင်းအုပ် ဆရာ၊ ဆမီးဧရိယာနယ် အတွင်းရေးမှူးတာဝန်များကို ကိုယ်ကျိုးစွန့်ကာ ခရစ်တော်၏အမှုတော်ကို သစ္စာရှိသည့် ငယ်သားကောင်းအဖြစ် ဆက်ကပ်ပါဝင်ခဲ့သူဖြစ်ပြီး ဆရာ့ထံတွင် ဇနီးနှင့်အတူ သမီး တစ်ယောက်၊ သား နှစ်ယောက် ကျန်ရစ်ခဲ့သည်။
ဆရာခင်ဟ(အသက်-၄၄ နှစ်) သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူရာမှ ရောဂါအခြေအနေ ပိုမိုဆိုးလာသဖြင့် မတူပီ – ဆမီး အပြန်လမ်းခုလပ်တစ်နေရာ၌ ခရစ်တော်၌ခေါ်တော်မူခြင်း ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ခရစ်တော်၏သာသနာကိုထမ်းရွက်ခဲ့သည့် ဆရာနှစ်ပါးသည် ခရစ်တော်၌အိပ်ပျော်သွားသည့် သတင်း ကြားသိရသည့်အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုများ၊ အသင်းတော်နှင့် နယ်အဖွဲ့ကို ဘုရားသခင် နှစ်သိမ့်ခွန်အားပေးတော်မူပါစေကြောင်း ခူမီးမီဒီယာမှ ဖော်ပြအပ်ပါသည်။
သတင်း – James Roe