မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားမောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များကို CDF – Mindat မှ ထုတ်ပြန်

မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားမောင်းသူများလိုက်နာရမည့် စည်းကမ်းချက်များကို CDF – Mindat မှ ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် ပြည်သူများ လိုက်နာရမည့် စည်းကမ်းချက်နှင့် မြို့ကို ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားမောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များကို CDF – Mindat မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။

မင်းတပ်မြို့အတွင်း ပြန်လည်၍ ဝင်ရောက်နေထိုင်ကြမည့် ပြည်သူများသည် မြို့/ တိုက်နယ်အုပ်ချုပ်ရေးမှူး (သို့) ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့်သာ ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုမည်ဟု သိရသည်။

ပြည်သူများသည် မြို့သိမ်းတိုက်ပွဲကာလအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် မိမိတို့ထည့်ဝင်ထားကြောင်း ထောက်ခံချက်ကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများထံ (အခမဲ့) တောင်းယူ၍ ထိုထောက်ခံချက်များကို မြို့ဝင်ဂိတ်များတွင် ပြသနိုင်သူများသာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသေးသူများသည်လည်း မြို့ဝင်ဂိတ်များတွင် တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်၍ ထည့်ဝင်ထားသည့် ဖြတ်ပိုင်းအထောက်အထားဖြင့် မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့အတွင်းတွင် ပြန်လည်နေထိုင်မည့်သူများသည် ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၁၂ ချက်ကို လိုက်နာရမည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း မြို့တွင်း၊ မြို့ပြင် ဝင်ထွက်သွားလာခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

မင်းတပ်မြို့ကို ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားများအနေဖြင့် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များမှအပ ကျန်နေ့ရက်များတွင် မနက် (၆) နာရီမှ ညနေ (၆) နာရီအတွင်း မြို့ကို ဖြတ်သန်းသွားလာခွင့် ရရှိမည်ဖြစ်ပြီး မြို့ကို ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောာင်သည့် ကုန်တင်ကားမောင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၉ ချက်ကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်း သိရသည်။

မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် ပြည်သူများနှင့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားမောင်းသူများသည် ထိုသို့ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက အပြစ်ပေးအရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *