၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦးမှ သဝဏ်လွှာ ပေးပို့

၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦးမှ သဝဏ်လွှာ ပေးပို့

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။

ချင်းအမျိုးသားတပ်ဦး CNF မှ ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦးမှ ဝမ်းမြောက်သဝဏ်လွှာကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပေးပို့ထားသည်ကို သိရသည်။

ဗြိတိသျှကိုလိုနီ အစိုးရထံမှ လွတ်လပ်ရေးစောလျင်စွာရရှိပြီး လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ရှမ်းပြည် ပင်လုံမြို့၌ ချင်း၊ ကချင်၊ ရှမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာကြားဖြတ်အစိုးရတို့မှ သဘောတူ လက်မှတ်ထိုးပြီး သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့် အမျိုးသားသွေးစည်းညီညွတ်မှုမျန်ကျောက်ကို ယနေ့တွင် ကျရောက်သည့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိုက်ထူနိုင်ခဲ့သော နေ့ထူးနေ့မြတ်ပင် ဖြစ်ကြောင်း ပါရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ ကျဆုံးပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီအစိုးရသည် ပင်လုံစာချုပ်၏ မူလရည်ရွယ်ချက်၊ အနှစ်သာရနှင့် ဂတိကဝတ်များကို ချိုးဖောက်ပြီး တပြည်ထောင်စနစ် ကျင့်သုံးသည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဌာန်းကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ၁၉၆၁ ခုနှစ် ဇွန်လတွင် ရှမ်းပြည် တောင်ကြီးမြို့၌ ညီလာခံတစ်ရပ်ကို ကျင်းပပြီး ဗမာပြည်နယ်ဖွဲ့စည်းရေးအပါအဝင် အချက် ၉ ချက်ကို ပါလီမန်သို့ တင်ပြခဲ့ရာ ဥပဒေအဖြစ် အတည်ပြုပြဌာန်းရန် လပိုင်းအလို ၁၉၆၂ ခုန်နှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော ဗမာတပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပြီး ပင်လုံစာချုပ်ပါ ဖက်ဒရယ်မူသည် ခွဲထွက်ရေးမူဟူ၍ ပြည်သူလူထုနှင့် စစ်တပ်ကို ဝါဒမှိုင်းတိုက်ကာ တိုင်းပြည်ကို ဗမာလူမျိုးကြီးဝါဒ စစ်အာဏာရှင်တစ်စုက အုပ်ချုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ပါရှိသည်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသော ချင်း၊ ကချင်၊ ရှမ်းနှင့် တခြားတိုင်းရင်းသားများသည် မည်သည့်အခါကမျှ ပြည်ထောင်စုမကွဲထွက်ပဲ စစ်မှနသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ၁၉၆၁ ခုနှစ် တောင်ကြီးညီလာခံ၊ ၁၉၉၀ ခုနှစ် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန်ကြေညာချက်၊ ၁၉၉၂ ခုနှစ် မာနယ်ပလေစာချုပ်၊ ၁၉၉၇ ခုနှစ် မဲသရေထာ သဘောတူညီချက်၊ ၁၉၉၈ ခုနှစ် သူးမွဲကလို သဘောတူညီချက်နှင့် ၂၁ ရာစု ပင်လုံညီလာခံတို့တွင် တောင်းဆိုမှုပြုလုပ်ခဲ့ကြသော်လည်း နိုင်ငံရေးတောင်းဆိုချက်များကို စစ်အာဏာရှင်အဆက်ဆက်က ငြင်းဆန်ခဲ့သောကြောင့် ယနေ့တိုင် ပြည်တွင်းစစ် မီးတောက်လောင်နေခြင်းဖြစ်သည်။

မိမိတို့ တိုင်းရင်းသားလူမျိုးများသည် ၁၉၄၇ ခုနှစ် ပင်လုံမှသည် ယနေ့အထိ စစ်အာဏာရှင် အဆက်ဆက်၏ မတရားဖိနှိပ် အုပ်ချုပ်မှု၊ နိုင်ငံရေးအခွင့်အရေး ပိတ်ပင်တားဆီးမှုမျိုးစုံကြားက ပင်လုံစာချုပ်မှ ဖြစ်တည်လာခဲ့သော ပြည်ထောင်စုကြီး မပြိုကွဲရေးနှင့် တမ်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးလမ်းစဉ်နှင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ကိုင်စွဲလျက် အာဏာရှင်မှန်သမျှကို ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပြီး သို့ပါ၍ ပြည်ထောင်စုတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် ပင်လုံစာချုပ်၏ အနှစ်သာရဖြစ်သော လွတ်လပ်မှု၊ တန်းတူမှုနှင့် တရားမျှတမှုကို အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက်ညီညီ တည်ဆောက်ပြီး တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းထားသည်။

ပင်လုံစာချုပ်၏ အနှစ်သာရများဖြစ်သည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရှင်သန်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ အခြေခံမူများ ခိုင်မာစေရေး ရည်သန်လျက် ၇၈ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကမကထပြုပေးသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား အထူးကျေးဇူးတင်ရှိကြောင်း  ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ချင်းအမျိုးသားတပ်ဦးမှ သဝဏ်လွှာကို ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပေးပို့ထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *