တွီဒန်းစစ်ရှောင်စခန်းရှိ စစ်ရှောင်နေအိမ်များ အသစ်ဆောက်လုပ်
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တွီဒန်းကျေးရွာရှိ ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူများ၏ နေအိမ်များကို မီဇိုရမ်အစိုးရမှ တရားဝင်ချပေးထားသည် မြေနေရာတွင် ပြန်လည်၍ အသစ်ဆောက်လုပ်နေကြကြောင်း စစ်ရှောင်စခန်းခေါင်းဆောင်ထံမှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် သိရသည်။
“အခု အိမ်တွေအသစ်ဆောက်တဲ့နေရာက မီဇိုရမ်အစိုးရက စစ်ဘေးရှောင်တွေအတွက် တရားဝင် နေရာချပေးထားတဲ့ နေရာဖြစ်တယ်။ ပလက်ဝနယ်က စစ်ရှောင်အာလုံး အခုချထားပေးတဲ့ နေရာတွေမှာ အိမ်တွေဝိုင်းဝန်း ဆောက်လုပ်နေကြပြီ။ အရင်ကတော့ စစ်ရှောင်အိမ်တွေက အပေါ်မှာရှိတာ။ အခုမြေနေရာအသစ်က အောက်ဘက်ကိုရောက်သွားတယ်။ မြစ်နဲ့တော့ နီးတယ် …” ဟု စစ်ရှောင်စခန်းခေါင်းဆောင်မှ ခူမီးမီဒီယာသို့ ပြောသည်။
တွီဒန်းကျေးရွာ စစ်ရှောင်စခန်းတွင် ပလက်ဝမြို့နယ် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများသည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်တွင် စစ်ဘေးရှောင်ရန် ရောက်ရှိလာသူများနှင့် ပလက်ဝမြို့နယ်တွင် အေအေ၏ အုပ်ချုပ်ရေးအုပ်ချုပ်ရေးယန္တရား ဖော်ဆောင်လာမှုအောက်တွင် အကြောင်းအမျိုးမျိုးကြောင့် နေထိုင်ရန် အဆင်မပြေတော့သည့်အတွက် မီဇိုရမ်ဘက်သို့ ရွှေ့ပြောင်းနေရခြင်းဖြစ်ကြောင်း စစ်ရှောင်းများထံမှ သိရသည်။
“ဒေသခံတွေကိုပြန်လာဖို့ပြောတဲ့ သတင်းတော့ကြားရတယ်။ ဒါပေမယ့် ပလက်ဝမြို့နယ်မှာ အေအေတွေက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ချင်တဲ့အတွက် လုပ်တာပဲဖြစ်မယ်လို့ မြင်တယ်။ ကိုယ့်ဒေသတွင်းမှာ နေထိုင်ရတာ လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ ဘာပဲဖြစ်ဖြစ် မီဇိုရမ်မှာ စစ်ရှောင်အနေနဲ့ နေထိုင်တာက သူများအုပ်ချုပ်မှုအောက်မှာ နေထိုင်ရတာထက်တော့ နည်းနည်းတော့သက်သာသေးတယ်။ အဆင်ပြေတဲ့တစ်နေ့တော့ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ပြီးနေချင်တယ် …” ဟု အသက် ၄၃ နှစ်အရွယ် စစ်ရှောင်တစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။
ယခုအချိန်အထိ ဒေသခံများသည် မိမိတို့ ရပ်ရွာသို့ ပြန်လည်၍ အခြေချနေထိုင်ရန်အတွက် ခက်ခဲနေသည့် အခြေအနေတွင်ရှိနေကာ တွီဒန်းကျေးရွာ စစ်ရှောင်စခန်းတွင် နောက်ဆုံးရရှိသည့် စာရင်းအရ အိမ်ထောင်စု ၂၇၃ စုရှိပြီး အမျိုးသား ၅၈၆ ဦး၊ အမျိုးသမီး ၆၇၄ ဦး စုစုပေါင်းလူဦးရေ ၁၂၆၀ ဦး ရောက်ရှိနေထိုင်နေကြပြီး နောက်ထပ်ရောက်ရှိလာမည့် သူများလည်းရှိနေသေးကြောင်း စစ်ရှောင်စခန်းတာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
Photo by Raiki Kaseaung
ပုံ – မီဇိုရမ်ပြည်နယ် တွီဒန်းကျေးရွာ စစ်ရှောင်စခန်းဆောက်လုပ်နေပုံ