ကလေး – ဂန့်ဂေါ လမ်းပေါ်ရှိ ကမ်းပါးနီ(ကဗ္ဗနီ) တံတား စစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်

ကလေး – ဂန့်ဂေါ လမ်းပေါ်ရှိ ကမ်းပါးနီ(ကဗ္ဗနီ) တံတား စစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်

ဖေဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး – ဂန့်ဂေါ ကားလမ်းတွင်ရှိသည့် ကမ်းပါးနီ(ကဗ္ဗနီ) တံတားအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အပြီးသတ်သိမ်းပိတ်နိုင်ကြောင်း သိရသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ဝန်းကျင်ခန့် ရှိသည့် တပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ကြားမှ ထိုးစစ်ဆင်တိုက်ခိုက်ကာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးကာ စစ်သုံ့ပန်း၂၀ ကျော် ဖမ်းဆီးရမိပြီး တချို့မှာ မှန်တောဘက်သို့ ဆုတ်ခွါထွက်ပြေးသွားကြပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆီးရမိကြောင်း သိရသည်။

ကမ်းပါးနီ(ကဗ္ဗနီ) တိုက်ပွဲကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းပေါ်တွင်ရှိသည့် ကျေးရွာ ၁၀ ရွာကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က နေ့စဉ်အဆက်မပြတ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်မှုနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး ဒေသခံပြည်သူ တစ်သောင်းခန့်သည် ဘေးလွတ်ရာ တောတောင်များထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကမ်းပါးနီသည် ကလေးမြို့နယ်တောင်ပိုင်း ဆည်တောကျေးရွာအလွန် နန်းကသည်းချောင်း(မဏိပူရမြစ်) ကို ဖြတ်ကူး ထားသည့်တံတားဖြစ်ကာ ကလေးမြို့မှ ပြည်မဘက်သွားရာတွင် အဓိကအသုံးပြုသည့် တံတားဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့်နေရာဖြစ်ကြောင်း သိရသည်။

ကမ်းပါးနီ စခန်းသိမ်းတိုက်ပွဲတွင် ကလေး-ဂန့်ဂေါ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *