မင်းတပ်မြို့နယ်ရှိ ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား၍ ကျေးရွာတချို့တွင် အသွားအလာကန့်သတ်မှု ပြုလုပ်ထား

မင်းတပ်မြို့နယ်ရှိ ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား၍ ကျေးရွာတချို့တွင် အသွားအလာကန့်သတ်မှု ပြုလုပ်

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွားများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားသည့် လူနာပေါင်း ၂၂၀ ဦးကျော်ရှိနေပြီး ကျေးရွာ ၂ ရွာကိုလည်း အသွားအလာကန့်သတ်မှု (Lock down) ပြုလုပ်ထားကြောင်း မင်းတပ်မြို့နယ် ဒေသခံများထံမှ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၃ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက် ဖြစ်ပွားနေသည်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ကလေးသူငယ်များ အပါအဝင် ၂၂၆ ဦး ရောဂါခံစားနေရပြီး တိုက်နယ်အမှတ် ၂ ရှိ မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့ကို ဖေဖော်ဝါရီလ ယခုအပတ်မှစ၍ အသွားအလာကန့်သတ်မှု (Lock Down) ပြုလုပ်ထားကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

“မင်းတပ်မြို့နယ် တစ်နယ်လုံး ဝမ်းလျှောရောဂါဖြစ်နေတာ တစ်လကျော်သွားပြီ။ ကလေးလေးတွေ ပိုပြီးတော့ အဖြစ်များတယ်။  ရောဂါက ကူးစက်တာမြန်တယ် ဆိုတော့လေ အခု မသူးရွာနဲ့ ထင်ချောင်းရွာတွေကို Lock Down ချထားတယ်။ ဆေးဝါးမလုံလောက်ဘူး။ အဓိကတော့ ဓါတ်ဆားနဲ့ ဆေးဝါးတွေလိုအပ်နေတယ်။ အကူအညီတွေ အများကြီး လိုအပ်နေတယ်…” ဟု မင်းတပ်ဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှု ကော်မတီမှ ဝမ်းပျက်ဝမ်းလျှောရောဂါ ကနဦးဖြစ်ပွားသည့် ကျေးရွာ ၂ ရွာတွင် ဆေးဝါးများနှင့် ဓါတ်ဆားများကို ထောက်ပံ့မှုပေးခဲ့ပြီး ဆက်လက်၍ ကူညီထောက်ပံ့ နိုင်ရန်အတွက် လှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများလည်း ပြုလုပ်နေကြပြီး မင်းတပ်မြို့နယ်အတွင်းရှိ ရောဂါ ဖြစ်ပွားနေသည့် ကျေးရွာများကို ကျန်းမာရေးဝန်းထမ်များမှ ကာကွယ်/ ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြကြောင်း သိရသည်။

လက်ရှိကာလသည် မင်းတပ်မြို့နယ်အတွင်း ဒေသခံ ချင်းလူမျိုးများအနေဖြင့် ပွဲလမ်းသဘင်များ အများဆုံးကျင်းပပြုလုပ်သော ရာသီအချိန်ဖြစ်၍ ပြည်သူများသည် ရိုးရာပွဲလမ်းသဘင်များ၊ လူစုလူဝေး ပြုလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားကြရန် တာဝန်ရှိသူများမှ တိုက်တွန်းနှိုးဆော်ထားသည်ကို သိရသည်။

ချင်းပြည်နယ်အတွင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းမှစ၍ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်အထိ မတူပီမြို့နယ်တွင် ၁၉၀ ဦး၊ မင်းတပ်မြို့နယ်တွင် ၁၄၃ ဦး၊ ပလက်ဝမြို့နယ် ၁၂၄ ဦးနှင့် ကန်ပလက်မြို့နယ်တွင် ၂၄ ဦး စုစုပေါင်း ၄၈၀ ဦးကျော်ရှိခဲ့ပြီး တစ်နှစ်အောက် ကလေးငယ် တစ်ဦးနှင့် လူကြီး တစ်ဦး၊ စုစုပေါင်း လေးဦး သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ချင်းကျန်းမာရေးအဖွဲ့အစည်း CHO မှ ဖော်ပြထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *