မင်းတပ်မြို့တွင် စစ်ကောင်စီထောင်ထားသည့် မိုင်း ၁၀၀၀ ခန့် ရှင်းလင်းထား
ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မိုင်းအလုံးရေ ၁၀၀၀ ခန့်ကို ရှင်းလင်းထားပြီးဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် (CDF – Mindat) မှ ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတပ်မြို့ အရှေ့ပြင်၊ အနောက်၊ စံပြနှင့် ဘဝသစ်ရပ်ကွက်များတွင် စစ်ကောင်စီထောင်ထားသည့် မိုင်း အလုံး ၁၀၀၀ ခန့်ကို ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ပြီး အနောက်ရပ်ကွက်တွင် မိုင်း အများဆုံး ရှင်းလင်းရရှိကြောင်း CDF – Mindat မှ ထုတ်ပြန်ထားသည်ကို သိရသည်။
CDF – Mindat မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ မင်းတပ်ပြည်သူများကို မင်းတပ်မြို့ထဲသို့ ဝင်ခွင့်ပြုမည့်အကြောင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ မင်းတပ်မြို့တွင်းတွင် မိုင်းရှင်းလင်းရေးကို လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အေအေတပ်ဖွဲ့၊ ယောကာကွယ်ရေးတပ် – YDF၊ ယောတပ်တော် – YA နှင့် မုံရွာခရိုင် PDF တပ်ရင်း ၃ စသည့် ပူးပေါင်းတပ်ဖွဲ့များမှ ရက်ပေါင်း ၄၀ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်ကို သိရသည်။
သတင်း – James Roe